ဒီကမ္ဘာမြေကြီးပေါ်မှာ ထူးထူးခြားခြား ဖြစ်တည်နေတဲ့ သိပ္ပံနယ်လွန် အကြောင်းအရာများ

ကမ္ဘာကြီးဟာထူးခြားဖြစ်စဉ်တွေနဲ့ ပြည့်နှက်နေတဲ့ အံ့အားသင့်ဖွယ်ဂြိုဟ်ကြီးတစ်ခုဖြစ်ပါတယ်။ ဒီလိုထူးခြားဖြစ်စဉ်တွေထဲမှာတော့ အချို့ဖြစ်စဉ်တွေဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ပေါ်နေရသလဲဆိုတာကို ယနေ့တိုင်အဖြေထုတ်နိုင်ခြင်းမရှိသေးပါဘူး။ ဒီအထဲက စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်စဉ်တွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ Sailing Stones

အမေရိကန်နိုင်ငံ Death Valley ဒေသကတော့ ရွက်လွှင့်နေတဲ့ကျောက်တုံးများ (Sailing Stones) တည်ရှိတဲ့နေရာဖြစ်ပါတယ်။ ဒီနေရာကကျောက်တုံးတွေဟာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းတို့ဘာသာရွှေ့လျားနိုင်ကြတယ်လို့သိရပါတယ်။ ဒီနေရာကကျောက်တုံးတွေသူ့အလိုလျောက်ရွေ့လျားတာကို လွန်ခဲ့တဲ့နှစ် (၁၀၀) လောက်ကစတင်ပြီးသတိထားမိခဲ့ကြပေမယ့် ဘယ်လိုအကြောင်းကြောင့်ခုလိုမျိုးရွေ့လျားနေကြသလဲဆိုတာကိုတော့ ဘယ်သူကမှအတိအကျ ဖြေရှင်းချက်မပေးနိုင်ကြသေးပါဘူး။ သီအိုရီတွေအရတော့ သံလိုက်ဓာတ်ကြောင့်ရွှေ့လျားကြတယ်၊ အားကောင်းတဲ့လေပြင်းတွေကြောင့် ရွှေ့လျားကြတယ် စသဖြင့်အမျိုးမျိုးပြောဆိုနေကြပြီး ယနေ့တိုင် ပဟေဠိ ဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Chocolate Hills

ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုးလ်ပြည်နယ်မှာရှိတဲ့ ထူးဆန်းတဲ့တောင်ပူစာလေးတွေကိုတော့ ဘူမိဗေဒဆိုင်ရာဆန်းကြယ်ခြင်းလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီနေရာမှာတော့ ပေါင်း (၁၅၀) နဲ့အထက်မြင့်တဲ့ တောင်ပူစာလေးတွေ (၁၂၀၀) ကျော်တည်ရှိနေပြီး ပုံသဏ္ဍာန်အားဖြင့်လည်း တစ်ပုံစံတည်းနီးပါး ဆင်တူကြပါတယ်။ ဒီအရာတွေဟာ ရွှံ့စေးပေါ်မှာစုပုံနေတဲ့ ထုံးကျောက်တွေတိုက်စားခြင်းကြောင့်ဖြစ်လာတယ်လို့ ဘူမိဗေဒပညာရှင်တွေကတော့ အကြမ်းဖျင်းကောက်ချက်ချထားကြပါတယ်။ ဒေသခံတွေကတော့ ပုံပြင်တွေ ဒဏ္ဍာရီတွေထဲက လူ့ဘီလူးကြီးတွေကြောင့် ဖြစ်ပေါ်လာတဲ့အရာတွေလို့ ယုံကြည်ထားကြပါတယ်။ shwekhitonlinetv.com

၃။ Lake Hillier

Lake Hillier ကတော့ သြစတြေးလျနိုင်ငံမှာရှိတဲ့ ပန်းရောင်ရေကန်ကြီးဖြစ်ပါတယ်။ ဒီရေကန်ထဲကရေတွေဟာဆားငန်နှုန်းမြင့်မားပြီး ပန်းရောင်ဖြစ်နေရခြင်းအကြောင်းအရင်းကို မူလကတော့ သိပ္ပံပညာရှင်တွေဟာ သီအိုရီ (၂) ခုနဲ့ကောက်ချက်ချခဲ့ပါတယ်။ ပထမတစ်ခုကတော့ ကန်ထဲက ဆားနဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် အနည်အနှစ်တွေဓာတ်ပြုခြင်းကြောင့် ပန်းရောင်ဖြစ်နေရခြင်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ ကန်ထဲက ဘတ်တီးရီးယားတွေနဲ့ ရေညှိတွေကြောင့်ရေအရောင်ဟာ ပန်းရောင်ဖြစ်နေရခြင်းဖြစ်တယ်လို့ ဆိုကြတာပါ။ ဒါပေမယ့်လည်း ဒီသီအိုရီတွေမှာ ထောက်ပြစရာအားနည်းချက်တွေရှိနေတာကြောင့် ရေတွေပန်းရောင်ဖြစ်နေရခြင်းကို ဘယ်သူမှအတိအကျမသိနိုင်သေးဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Fairy Circles

အာဖရိကတိုက်မှာရှိတဲ့ နာမစ် (Namib) ကန္တာရထဲမှာတော့ စက်ဝိုင်းပုံသဏ္ဍာန်အရာတွေ အများအပြားပြန့်ကျဲလို့နေပါတယ်။ ဒီအရာတွေကိုတော့ နတ်သမီးစက်ဝိုင်းများ (Fairy Circles) ဆိုပြီး လူသိများကြပါတယ်။ ဒီအရာတွေနဲ့ပတ်သတ်ပြီး အမျိုးမျိုးထင်ကြေးပေးမှုတွေရှိခဲ့ဖူးပါတယ်။ ဒီအရာတွေက ခြတောင်ပို့တွေ၊ မိုးနည်းဒေသမှာပေါက်တက်တဲ့ မြက်ပင်တွေ စသဖြင့်ပေါ့။ နောက်ပိုင်းမှာတော့ ဒီအရာတွေက မြက်ပင်တွေဖြစ်ကြောင်းသွားရောက်လေ့လာမှုတွေအရသိရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့် အကွင်းအကွင်းတွေဖြစ်နေရသလဲဆိုတာတော့ ဘယ်သူမှမရှင်းပြနိုင်သေးပါဘူး။ shwekhitonlinetv.com

၅။ Driftwood Beach

သဲသောင်ပြင်ပေါ်မှာရေမျောကမ်းတင် သစ်ကိုင်းတွေ သစ်ပင်တွေကိုတွေ့ရှိရတာဟာ ထူးခြားဆန်းကြယ်တဲ့ ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဂျော်ဂျီယာနိုင်ငံ Jekyll ကျွန်းက Driftwood Beach မှာရှိတဲ့ သစ်ပင်တွေကတော့ အနည်းငယ်ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာကသစ်ပင်တွေဟာ သေနေတဲ့အပင်တွေမဟုတ်သလို အပွင့်အရွက်တွေနဲ့ စိမ်းစိုနေတဲ့အပင်တွေလည်းမဟုတ်တာကြောင့်ပါပဲ။ ဒီနေရာမှာရှိတဲ့ ဝက်သစ်ချပင်တွေဟာ လုံးလုံးသေဆုံးခြင်းမရှိပေမယ့် ဆက်လက်ဖွံ့ဖြိုးခြင်းလည်းမရှိတာဟာ ဘာကြောင့်လဲဆိုတဲ့ အဖြေဟာယနေ့တိုင်ရှာဖွေလို့မရသေးတဲ့ အဖြေတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Nazca Lines

ပီရူးနိုင်ငံမှာရှိတဲ့ Nazca Lines တွေကလည်း ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကို ရှာဖွေလေ့လာသူတွေအတွက် ယနေ့တိုင်အဖြေမရှိသေးတဲ့ ဖြစ်စဉ်တွေထဲကတစ်ခုဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာနေထိုင်ခဲ့ကြတဲ့ ရှေးဟောင်း Nazca လူမျိုးတွေရဲ့လက်ရာလို့ယူဆရတဲ့ ကြီးမားတဲ့အရုပ်တွေ ဂျီသြမေတြီဆိုင်ရာ ရုပ်ပုံတွေကို ဒီနေရာမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလောက်ကြီးမားတဲ့ရုပ်ပုံတွေကို ဘယ်လိုစကေးအချိုးအစား ဘယ်လိုနည်းပညာ ဘယ်လိုကိရိယာတွေနဲ့ ရေးဆွဲခဲ့ကြသလဲဆိုတာရယ် ဘာအတွက်ရေးဆွဲခဲ့ကြသလဲဆိုတာရယ်ကတော့ အတော်လေးကိုစိတ်ဝင်စားစရာကောင်းပြီး အဖြေမရှိသေးတဲ့ ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Blue Volcano

အပြာရောင်ချော်ရည်တွေထွက်နေတဲ့ မီးတောင်ကိုသင့်အနေနဲ့မြင်ဖူးပါသလား ? မမြင်ဖူးသေးရင်တော့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ပိုင်းက Kawa Ijen မီးတောင်မှာသွားရောက်လေ့လာသင့်ပါတယ်။ ပြင်းထန်တဲ့ဖိအားဓာတ်ကိုခံနေရတဲ့ ဆာလဖျူရစ်ဓာတ်ငွေ့တွေဟာ ပြင်ပလေနဲ့ထိတွေ့တဲ့ အခါမှာအပြာရောင် ချော်ရည်တွေအဖြစ်ပြောင်းလဲသွားတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေကဆိုကြပါတယ်။ ဒါပေမယ့်နောက်ပိုင်း ထပ်မံလေ့လာတွေ့ရှိချက်တွေအရတော့ ဒီအချက်ဟာအပြာရောင်ချော်ရည်တွေအဖြစ်ပြောင်းလဲသွားရခြင်းအတွက် လုံလောက်တဲ့အကြောင်းပြချက်တစ်ခုမဟုတ်ဘူးလို့ ဆိုကြပြန်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။