သဘာဝတရားကြီးက လူသားတွေကို မဖျက်ဆီးခင် ပြသတတ်တဲ့ ရှေ့ပြေးလက္ခဏာများ

ကမ္ဘာဂြိုဟ်ပေါ်ကစွမ်းအားအကြီးဆုံးအရာကတော့ သဘာဝတရားကြီးပဲဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ အံ့သြဖွယ်ကောင်းပြီးလှပလွန်းတဲ့အရာတွေကိုဖန်တီးနိုင်သလို၊ ဘယ်လိုအရာမျိုးကိုမဆို ဖျက်စီးပစ်နိုင်တဲ့အစွမ်းတွေလည်းရှိပါတယ်။ ဒါပေမယ့်သူက ကြီးမားတဲ့ဖျက်ဆီးမှုမျိုးကို မပြုလုပ်ခင်မှာ သတိပေးတဲ့သဘောမျိုးနဲ့ ရှေ့ပြေးနိမိတ်လက္ခဏာတွေကို ပြသတတ်ပါတယ်။ ဒီအရာတွေကို သိရှိထားတဲ့သူတွေကတော့ သူ့ရဲ့ဖျက်ဆီးမှုကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ သဘာဝဘေးအန္တရာယ်တွေရဲ့ ဖျက်ဆီးမှုတွေမလာခင်မှာ ပြသတတ်တဲ့ ရှေ့ပြေးလက္ခဏာတွေအကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ ပင်လယ်၊ သမုဒ္ဒရာရေများ ရုတ်တရက်ကျသွားခြင်း

များသောအားဖြင့်တော့ ပင်လယ်ကမ်းခြေမှာလမ်းလျောက်နေတဲ့လူတွေဟာ ပတ်ဝန်းကျင်က ပင်လယ်ပြင်ရဲ့အခြေအနေပြောင်းလဲမှုတွေကို ဂရုတစိုက်သတိထားပြီးစောင့်ကြည့်နေကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပစိတ်ဖိတ်သမုဒ္ဒရာရဲ့ကမ်းခြေလိုမျိုးမှာလမ်လျှောက်နေခဲ့ရင်တော့ ပတ်ဝန်းကျင်အခြေအနေကို သတိပြုပြီးနေသင့်ပါတယ်။ အထူးသဖြင့် ရုတ်တရက်ရေတွေကျဆင်းသွားတာမျိုးကိုသာမြင်တွေ့ရရင်တော့ အတတ်နိုင်ဆုံးနဲ့အမြန်ဆုံး တောင်ကုန်းမြင့်တွေရှိတဲ့နေရာကိုသွားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုဖြစ်ပျက်ခြင်းဟာ မကြာခင်ဆူနာမီရေလှိုင်းကြီးတွေလာတော့မယ့် ရှေ့ပြေးနိမိတ်တွေပဲဖြစ်ပါတယ်။ ရေအောက်ငလျင်တစ်ခုကြောင့် ရေတွေကရုတ်တရက်ကျဆင်းသွားတာဖြစ်ပြီး သိပ်မကြာခင်မှာ တစ်နာရီမိုင် (၅၀၀) နှုန်းလောက်နဲ့ကမ်းခြေကိုအလုံးအရင်းဝင်ရောက်လာတော့မှာပါ။ ဒါဟာ ဂျက်လေယာဉ်တစ်စီးရဲ့အမြန်နှုန်းနဲ့ လာနေတာဆိုလည်းမမှားပါဘူး။ shwekhitonlinetv.com

၂။ ကောင်းကင်မှာ ထုထည်ကြီးမားတဲ့တိမ်စိုင်များဖြစ်ပေါ်လာခြင်း

မြက်ခင်းပြင်ပေါ်မှာလှဲလျောင်းပြီးတိမ်စိုင်တွေကို ကြည့်ရတာဟာတစ်ခါတစ်ရံမှာအရမ်းကို ငြိမ်းချမ်းပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ကောင်းကင်ကတိမ်တွေကိုကြည့်ပြီး သင့်အနေနဲ့ တိမ်တွေဟာ ဖြုဖွေးပေါ့ပါးလွန်းတယ်ဆိုတာလောက်သာ တွေးထင်မိပါလိမ့်မယ်။ ဒါပေမယ့် တိမ်တွေနဲ့ ဆက်နွယ်နေတဲ့ သဘာဝတရားကြီးဟာ သင်ထင်ထားတာထက် အများကြီးဆန်းကျယ်တဲ့အကြောင်းပြသနိုင်ပါတယ်။ ကောင်းကင်ယံကတိမ်တွေဟာ ထုထည်ကြီးမားလာပြီးညို့မှိုင်းလာမယ်၊ လေကလည်းအထက်ကို ခပ်ထန်ထန်လေးပင့်တိုက်လာမယ်၊ ကောင်းကင်ယံမှာမိုးခြိမ်းသံတွေလည်းထွက်ပေါ်လာမယ်၊ ဒီလိုအဖြစ်အပျက်တွေကြုံလာမယ်ဆိုရင်တော့ သင့်အနေနဲ့မကြာခင်မှာ အားကောင်းတဲ့လေဆင်နှာမောင်းတစ်ခုကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဆံပင်များထောင်လာခြင်း

၁၉၄၀ ပြည့်နှစ်မတိုင်ခင်ကတော့ နှစ်စဉ်ကမ္ဘာပေါ်မှာမိုးကြိုးပစ်လို့သေဆုံးရတဲ့လူဦးရေဟာ ငါးမန်းကိုက်လို့သေတဲ့လူဦးရေထက်များပြားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ တိုးတက်လာတဲ့ခေတ်ရဲ့ နည်းပညာတွေနဲ့ မိုးကြိုးလွှဲလို ကိရိယာမျိုးတွေတီထွင်လာနိုင်ခဲ့တာကြောင့် မိုးကြိုးပစ်လို့သေဆုံးရတဲ့လူဦးရေက သိသိသာသာကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မိုးကြိုးပစ်ခံရမယ့်အရေးကနေ ရှောင်ရှားနိုင်ဖို့အတွက် သိရှိထားသင့်တဲ့အချက်လေးတွေတော့ရှိပါတယ်။ အဲ့ဒါကတော့ ရုတ်တရက်သင့်ရဲ့ခေါင်းကဆံပင်တွေထောင်လာတာမျိုးဖြစ်ပါတယ်။ ဒါဟာ သင့်အနေနဲ့မိုးကြိုးစက်ကွင်းထဲမှာရောက်ရှိနေတာကို ဖော်ပြတဲ့လက္ခဏာဖြစ်တာကြောင့် မြန်နိုင်သမျှအမြန်ဆုံး အကာအကွယ်တစ်ခုခုရှာတာမျိုး၊ မြေပေါ်ဝပ်ချတာမျိုးပြုလုပ်သင့်ပါတယ်။ shwekhitonlinetv.com

၄။ တိရိစ္ဆာန်များရုတ်တရက်ပြေးလွှားကြခြင်း၊ နေရာရွှေ့ပြောင်းကြခြင်း

ဂရိလူမျိုးတွေဟာ ဘီစီ (၃၇၃) လောက်ကတည်းက တိရိစ္ဆာန်တွေရဲ့ထူးဆန်းတဲ့အပြုအမူတွေကို ကြည့်ရှုလေ့လာပြီး ငလျင်ကိုကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ အချို့တိရိစ္ဆာန်တွေဟာလူသားတွေအနေနဲ့ မထောက်လှမ်း မသိရှိနိုင်တဲ့အသံအောက်လှိုင်း တွေကိုကြားသိနိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့်ငလျင်တစ်ခုမလှုပ်ခတ်ခင်မှာ ထွက်ပေါ်လာတဲ့အသံအောက်လှိုင်းတွေအရ သူတို့ဟာငလျင်ဘေးကလွတ်ကင်းမယ့်နေရာကို ရွှေ့ပြောင်းကြတာဖြစ်ပါတယ်။ ဒါကြောင့်သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အင်းဆက်ပိုးမွှားတွေ၊ တိရစ္ဆာန်တွေ နေရာရွှေ့ပြောင်းကြတာ ပြေးလွှားနေကြတာမျိုးတွေ့ရင် ငလျင်ဘေးကလွတ်မြောက်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ shwekhitonlinetv.com

၅။ ရေများရဲ့အော်သံများကြားရခြင်း

ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်တွေရဲ့အနီးတစ်ဝိုက်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ဒီအချက်ကို သတိပြုသင့်ပါတယ်။ ရေဆိုတာကမ္ဘာပေါ်မှာအင်အားအကြီးအမားဆုံးအရာတွေထဲကတစ်ခုဖြစ်ပြီး အရာရာကိုဖျက်စီးတိုက်စားပစ်နိုင်စွမ်းလည်းရှိပါတယ်။ တစ်ခါတစ်ရံမှာ မိုးသည်းထန်စွာရွာခြင်း၊ ရေအောက်ငလျင်များလှုပ်ခတ်ခြင်း စတဲ့အချက်တွေကြောင့် ရေလွှမ်းမိုးမှုတွေမဖြစ်ပေါ်ခင်မှာ အဝေးကနေအရှိန်အဟုန်ပြင်းပြင်းနဲ့ ကြီးမားတဲ့အရာတစ်ခုခုလာနေတဲ့အသံမျိုးကြားရမှာဖြစ်ပါတယ်။ ဒီအသံကိုကြားတာနဲ့အမြန်ဆုံးကုန်းမြင့်တွေပေါ်မှာ ရှောင်ရှားရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ နေ၊ လ ထီးဆောင်းခြင်း

တစ်ခါတစ်ရံမှာ လ (ဒါမှမဟုတ်) နေ ရဲ့အနီးတစ်ဝိုက်မှာခပ်ဝါးဝါးသက်တန့်လေးတစ်ခုဝိုင်းပတ်ထားတာကို မြင်တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒါကို နေထီးဆောင်းတယ်၊ လထီးဆောင်းတယ် စသဖြင့်ပြောဆိုကြပြီး ဒီအဖြစ်အပျက်ပေါ်မူတည်ပြီး အတိတ်နိမိတ်အယူအဆတွေကိုလည်း ကောက်ယူတတ်ကျပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပေါ်ရခြင်းကတော့ အလွန်ပါးလွှာပြီး မြင့်မားတဲ့နေရာကမိုးတိမ်တောင်တွေသယ်ဆောင်လာတဲ့ ရေခိုးရေငွေ့တွေ၊ ရေမှုန်ရေမွှားတွေရဲ့ ပုံဆောင်ခဲလေးတွေကို အလင်းကဖြတ်သန်းသွားတာကြောင့်ပဲဖြစ်ပါတယ်။ ဒါဟာမုန်တိုင်းတစ်ခုမကြာခင်ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာမျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ကမ်းခြေမှာရေသတ္တဝါများသေဆုံးပြီးသောင်တင်နေခြင်း

ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေသွားတဲ့အခါမျိုးမှာ တွေ့ရတတ်တဲ့ အဖြစ်အပျက်တစ်ခုကတော့ ကမ်းခြေမှာရေသတ္တဝါတွေ အများအပြားသေဆုံးပြီး သောင်တင်နေတာဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းက လူတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် ရေထုညစ်ညမ်းခြင်း၊ ထူးဆန်းတဲ့ဘက်တီးရီးယားတွေပါဝင်တဲ့ ရေညှိတွေကြောင့် ရေများအဆိပ်သင့်ခြင်း စတဲ့အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကမ်းခြေမှာ ဒီလိုမျိုးတွေ့ကြုံခဲ့ရင်တော့ အဲ့ဒီရေထဲကိုမဆင်းတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။