ဒေါ်လာသန်းနဲ့ချီပြီး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ပွဲဝင် ခိုငှက်များ

လူတွေ အပြေးပြိုင်ကြသလိုပဲ ခိုတွေ အမြန်နှုန်းပြိုင်ကြတဲ့ပြိုင်ပွဲဟာ ကမ္ဘာ့နိုင်ငံအချို့မှာတော့အတော်လေးကို ခေတ်စားနေပြီး လူအများစိတ်ဝင်စားမှုခံနေရပြီဖြစ်ပါတယ်။ ခိုပြိုင်ပွဲဆိုတာကတော့ အိမ်မွေးခိုတွေကို သတ်မှတ်နေရာတစ်ခုကနေ သူတို့ရဲ့အိမ်ကိုပြန်တဲ့ အရှိန်အဟုန်နှုန်းကိုတိုင်းတာပြီး ဆုပေးတဲ့ပြိုင်ပွဲဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။ အခုတင်ဆက်ပေးမှာကတော့ ဒီလိုပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ခိုတွေထဲက ဒေါ်လာသန်းနဲ့ချီပြီး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးပြိုင်ပွဲဝင် ခိုတွေအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ New Kim – အမေရိကန်ဒေါ်လာ (၁.၉) သန်း

New Kim လို့အမည်ရတဲ့ ခိုအမလေးကတော့ ဘယ်လ်ဂျီယံနိုင်ငံသား ခိုထရိန်နာတစ်ဦးဖြစ်တဲ့ Gaston Van De Wouwer ရဲ့ ခိုလေးဖြစ်ပါတယ်။ ခိုမလေး New Kim ဟာ သာမန်ခိုတွေထက်အနည်းငယ်အကောင်ကြီးပြီး သန်မာတဲ့ကြွက်သားတွေရှိတဲ့ခိုလေးပါ။ အသက် (၇၆) နှစ် အရွယ်ရှိပြီဖြစ်တဲ့ Gaston Van De Wouwer ဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် သူမွေးထားတဲ့ခိုတွေအားလုံးကိုရောင်းချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ (၂) နှစ်အရွယ် New Kim ကိုတော့ အမေရိကန်ဒေါ်လာ (၁.၉) သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး ဘယ်သူဘယ်ဝါက ဝယ်ယူသွားတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေအရတော့ တရုတ်လူမျိုးဘီလျံနာတစ်ဦးက ဝယ်ယူသွားတာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Armando

Armando ဆိုတဲ့ ခိုထီးလေးကတော့ ဘယ်လ်ဂျီယံနိုင်ငံသား ခိုထရိန်နာ Joel Verschoot ရဲ့ခိုလေးဖြစ်ပါတယ်။ သူကတော့ ကမ္ဘာကျော်ဖော်မြူလာဝမ်းပြိုင်ကားမောင်းသမား လူးဝစ်ဟာလ်မီတန်နဲ့ နှိုင်းယှဉ်ခံရတဲ့ခိုကလေးဖြစ်ပါတယ်။ ဒီခိုကလေးဟာ မယုံကြည်နိုင်လောက်စရာကောင်းတဲ့ တောင်ပံခွန်းအားကိုပိုင်ဆိုင်ထားပြီး Joel Verschoot ရဲ့အကြိုက်ဆုံးခိုလေးဆိုလည်းမမှားပါဘူး။ ဒါပေမယ့် Joel Verschoot ဟာလေလံပွဲတစ်ခုမှာ သူ့ရဲ့အကြိုက်ဆုံးခိုကလေးကို အမေရိကန်ဒေါ်လာ (၁.၄) သန်းနဲ့ရောင်းချခဲ့ပါတယ်။ အသက် (၅) နှစ်အရွယ်ရှိပြီဖြစ်တဲ့ Armando လေးကို တရုတ်အိမ်ခြံမြေသူဋ္ဌေးကြီးတစ်ဦးက မျိုးစပ်သားဖောက်ဖို့အတွက်ဝယ်ယူသွားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Bolt

ဒီ ခိုကလေးကတော့ အထီးလေးဖြစ်ပြီး အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘို့ (Usain Bolt) ရဲ့ နာမည်ကို တုပပြီးအမည်ပေးခံထားရတာဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့ ဘယ်လ်ဂျီယံနိုင်ငံသား Leo Heremans ဟာ လေလံပွဲတစ်ခုမှာ Bolt ကို အမေရိကန်ဒေါ်လာ (၄၀၀,၀၀၀) နဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဝယ်ယူသွားတဲ့သူူကတော့ ထိုင်ဝမ်နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို့ သိရပါတယ်။ shwekhitonlinetv.com

၄။ Nadine

Nadine လို့အမည်ရတဲ့ ခိုအမလေးကတော့ ဘယ်လ်ဂျီယံနိုင်ငံသား Willy Daniels ရဲ့ ပြိုင်ခိုကလေးဖြစ်ပါတယ်။ Willy Daniels ဟာ ၂၀၁၂ ခုနှစ်မှာ သူမကိုဝယ်ယူခဲ့တာဖြစ်ပြီး အမေရိက နဲ့ ဥရောပနိုင်ငံတွေမှာကျင်းပတဲ့ ခိုပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ချန်ပီယံဆုများစွာကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်တန်းငှက် (၁) ရာခိုင်နှုန်းမှာပါဝင်တယ်လို့ အသိအမှတ်ပြုခံရတဲ့ Nadine ကိုတော့ လေလံပွဲတစ်ခုမှာ အမေရိကန်ဒေါ်လာ (၃၉၀,၀၀၀) နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ New Bliksem

New Bliksem လို့မည်ရတဲ့ ဒီ ခိုကလေးကတော့ အထီးဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံသား Gaby Vandenabeele ပိုင်ဆိုင်တာပါ။ Gaby Vandenabeele ဟာ ၁၉၆၀ ခုနှစ်လောက်ကတည်း ပြိုင်ခိုတွေကိုမျိုးစပ်သားဖောက်တာ၊ လေ့ကျင့်သင်ကြားပေးတာတွေကို ပြုလုပ်လာခဲ့တဲ့သူဖြစ်ပါတယ်။ New Bliksem လေးကိုတော့ နောက်ပိုင်းမှာပြိုင်ပွဲဝင်မခိုင်းဘဲ သားဖောက်ဖို့သက်သက်မွေးမြူထားခဲ့တာဖြစ်ပါတယ်။ သူ့ကိုတော့ တရုတ်နိုင်ငံသား စုဆောင်းသူတစ်ယောက်က ၂၀၀၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃၇၁,၀၀၀) နဲ့ ဝယ်ယူသွားခဲ့တာ့ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။