တော်ရုံလူတွေ စားဖူးလေ့မရှိတဲ့ ကမ္ဘာတလွှားက ထူးထူးဆန်းဆန်း အစားအသောက် ၁၀ မျိုး

ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်တွေထဲက အစားအသောက်ချစ်သူတွေအတွက် ထူးဆန်းတဲ့ အစားအသောက်တွေအကြောင်းကို တင်ပြပေးမှာဖြစ်ပါတယ်။​ ဒီလိုထူးဆန်းတဲ့ အစားအသောက်တွေဟာ ပရိတ်သတ်ကြီးထင်သလို ကောင်းမွန်လွန်းတဲ့ အရသာတွေရှိမယ်လို့တော့ မျှော်လင့်ထားလို့ မရပါဘူးနော်။ ဒီလိုထူးဆန်းပြီး မြင်တွေ့နေကျမဟုတ်တဲ့ အစားအသောက်တွေကို မြည်းစမ်းမယ်ဆိုရင်တော့ လုံလောက်တဲ့သတ္တိရှိဖို့တော့ လိုမယ်ထင်ပါတယ်။ ထူးဆန်းတဲ့ အစားအသောက်တွေအကြောင်းကို ဆက်လက်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

၁။ ကျိုင်းကောင်ကြော် ( အစ္စရေး )

ပုရစ်ကြော်စားတတ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ကျိုင်းကောင်ကြော်ဟင်းလျာဟာ အထူးအဆန်းအစားအသောက်တော့ ဖြစ်မယ်မထင်ပါဘူးနော်။ အစ္စရေးနိုင်ငံမှာတော့ ကျိုင်းကောင်ကြော်ဟင်းလျာဟာ ပရိုတင်းဓာတ်များပြည့်ဝတဲ့ အစားအစာဖြစ်သလို Kosher လို့ခေါ်တဲ့ ဂျူးအယူဝါဒနဲ့ညီညွတ်တဲ့ အဆာပြေအစားအစာတခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျိုင်းကောင်ကြော်ဟာ အစ္စရေးနိုင်ငံသားများအတွက် ခဲတလုံးတည်းနဲ့ ငှက်နှစ်ကောင်ပြစ်နိုင်တဲ့ အစားအစာတခုဆိုလည်း မမှားပါဘူး။ ဆီပူပူထဲမှာ နှစ်ကြော်ထားတာကြောင့် ကျွတ်ရွနေတဲ့ ကျိုင်းကောင်ကြော်အပေါ်မှာ ချောကလက်အနှစ်စမ်းပြီး စားသုံးနိုင်တာကြောင့် ကျွတ်ရွပြီး ချိုမြတဲ့အရသာရှိတဲ့ အစားအသောက်ဖြစ်ပါတယ်။ အင်းစက်တွေကို စားသုံးခြင်းဟာ ထူးဆန်းတယ်လို့ မှတ်ယူထားသူများကြောင့် အစ္စရေးနိုင်ငံရဲ့ ကျိုင်းကောင်ကြော်အစားအသောက်ဟာလည်း ထူးဆန်းတဲ့အစားအစာ စာရင်းဝင်ဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ရာစုနှစ်ကြက်ဥဟင်းလျာ ( တရုတ် )

ဒီဟင်းလျာကိုတော့ ရာစုနှစ်ကြက်ဥဟင်းလျာ သို့မဟုတ် နှစ်ထောင်ပေါင်းကြက်ဥဟင်းလျာလို့လည်း ခေါ်ဝေါ်ကြပြီး တရုတ်နိုင်ငံရဲ့ ကြက်ဥအခြေခံဟင်းလျာတခုဖြစ်ပြီး စားကောင်းသောက်ဖွယ်အစားအစာတခုလည်း ဖြစ်ပါတယ်။ ကြက်ဥကို ပုတ်သိုးသွားအောင် ပြုလုပ်ပြီးမှ သုံးဆောင်ရတဲ့အစားအစာတခုဖြစ်ပေမယ့်လည်း ကြက်ဥပုတ်ဟင်းလျာဆိုတဲ့ အသုံးအနှုန်းကိုတော့ တရုတ်တွေက လက်မခံဘူးလို့ ဆိုပါတယ်။ ဟင်းလျာပြုလုပ်နည်းကတော့ ကြက်ဥ ၊ ဘဲဥ ၊ ငုံးဥ စတဲ့ဥတွေကို ရွှံ့စေး ၊ ပြာ နဲ့ ဆားတွေ ဖုံးအုပ်ကာ လပေါင်းများစွာကြာတဲ့အထိ ထားရပါတယ်။ ထို့နောက် အဆိုပါဥတွေရဲ့ အနှစ်တွေဟာ အစိမ်းပုပ်ရောင် ဒါမှမဟုတ် မီးခိုးရောင်အဖြစ် ပြောင်းလဲသွားပြီး အနံ့အနေနဲ့ ပြင်းထန်တဲ့ ဆာလဖာအနံ့ထွက်လာတဲ့အခါမှာတော့ ချက်ပြုတ်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဦးချိုပြားရှိ အမေရိကသမင်ကြီးမျိုး ( moose ) နှာခေါင်းဂျယ်လီ ( ကနေဒါ )

၁၈၃၀ ပြည့်လွန်နှစ်များဆီက ကနေဒါနဲ့ အလက်စကာ တလျှောက်မှာနေထိုင်ကြသူများဟာ moose တွေကို အမဲလိုက်ပြီး ခန္ဓာကိုယ်တခုလုံးရဲ့ အစိတ်အပိုင်းမှန်သမျှကို ချက်ပြုတ်စားသောက်ခဲ့ကြပါတယ်။ moose နှာခေါင်းဟင်းလျာဟာ ၁၉၆၇ ခုနှစ်ထုတ် မြောက်ပိုင်းချက်နည်းပြုတ်နည်းစာအုပ်မှာပါ ပါရှိပါတယ်။ ဒီဟင်းလျာဟာ ခန္ဓာကိုယ်အဆမတန်ကြီးမားတဲ့ moose ကြီးကို ဖမ်းယူရတာကြောင့် ခွန်အားအလွန်အကျွံသုံးရပြီး အလုပ်လည်းများတဲ့ ဟင်းလျာဖြစ်ပါတယ်။ moose ရဲ့နှာခေါင်းအတွင်းမှာရှိတဲ့ အမွှေးတွေကို ရေနွေးနဲ့မပြုတ်ခင်မှာ ကုန်စင်အောင်နှုတ်ယူရပါတယ်။ အမွှေးနှုတ်ပြီးနောက်မှာတော့ ရေနွေးနဲ့ အထပ်ထပ်အခါခါ ပြုတ်ရပါတယ်။ ပြီးနောက်မှာတော့ ဂျယ်လီအဖြစ်ပြုလုပ်ထားတဲ့ ဟင်းရည်ထဲကို ထည့်စိမ်ရပါတယ်။ ဒီလိုလုပ်ငန်းစဥ်တွေပြီးသွားပြီဆိုရင်တော့ moose နှာခေါင်းဂျယ်လီကို စားသုံးနိုင်ပါပြီ။ shwekhitonlinetv.com

၄။ ကာစူမာဇူ ( Casu Marzu ) ( အီတလီ )

အီတလီနိုင်ငံရဲ့ ထူးဆန်းတဲ့အစားအသောက်တခုကတော့ ကာစူမာဇူဆိုတဲ့ ချိစ်အစားအစာပဲ ဖြစ်ပါတယ်။ ကာစူမာဇူအစားအသောက်ဟာ အီတလီနိုင်ငံမှာရှိတဲ့ ဆာဒီနီယံလူမျိုးတွေရဲ့ အစားအသောက်ဖြစ်ပြီး ပုပ်သိုးနေတဲ့ချိစ်လို့လည်း လူသိများကြပါတယ်။ ထူးဆန်းတဲ့အစားအသောက်အဖြစ် သတ်မှတ်ခံထားရတဲ့အကြောင်းကတော့ ပုပ်သိုးနေတဲ့ချိစ်မှာ ပေါက်ဖွားနေတဲ့ လောက်ကောင်လေးတွေနဲ့ သားလောင်းတွေကိုပါ ထည့်သွင်းစားသောက်တာကြောင့် ဖြစ်ပါတယ်။ အဆိုပါအကောင်လေးတွေဟာ ချိစ်အတွင်းပိုင်းမှာ အိမ်ဖွဲ့ကာတွင်းတူးပြီး အဆီများကိုချေဖျက်ပြစ်တာကြောင့် နူးညံ့တဲ့ချိစ်အဖြစ် ပြောင်းလဲစေပါတယ်။ တကယ်လို့ဒီအစားအစာကို စမ်းစားသုံးကြည့်မယ်ဆိုရင်တော့ အကောင်လေးတွေကို ဖယ်ခိုင်းလို့လည်း ရတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၅။ တာရန်ကျူလာပင့်ကူကြော် ( ကမ္ဘောဒီးယား )

တာရန်ကျူလာပင့်ကူကြော်ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီး အဆာပြေစားစရာမုန့်တခုဖြစ်ပါတယ်။ တာရန်ကျူလာပင့်ကူကြော် စားသုံးမှုနှုန်းမြင့်မားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ မြို့ကို Spiderville လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ သူ့ရဲ့အရသာကတော့ ဂဏန်းအစားအစာတွေနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ကမ္ဘောဒီးယားနိုင်ငံရောက်ခဲ့မယ်ဆိုရင်တော့ ပင့်ကူမကြောက်တတ်သူများအနေနဲ့ အမွှေးထူပြီး ခြေချောင်း ၈ ချောင်းပါတဲ့ တာရန်ကျူလာပင့်ကူကြော်ကို မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ shwekhitonlinetv.com

၆။ စတားဂေဇီပိုင်မုန့် ( အင်္ဂလန် )

စတားဂေဇီပိုင်မုန့်ကတော့ အင်္ဂလန်နိုင်ငံ Cornish ရွာကနေ အစပြုခဲ့တဲ့ မုန့်တမျိုးဖြစ်ပါတယ်။ ၁၆ရာစုနှစ်ရဲ့ မုန်တိုင်းထန်နေတဲ့ ဒီဇင်ဘာညနေခင်းမှာ သတ္တိရှိတဲ့ ရေလုပ်သားတယောက်ဟာ ပင်လယ်ပြင်ကိုဖြတ်ကူးပြီး ငါးဖမ်းထွက်ခဲ့ပါတယ်။ ထို့နောက်မှာတော့ အစာရေစာငြတ်ပြတ်နေတဲ့ ရွာသားတွေအားလုံး လုံလုံလောက်လောက်စားသုံးနိုင်တဲ့ ငါးအများအပြားကို ဖမ်းဆီးပြီးပြန်လာနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီး ဒီလိုထူးဆန်းတဲ့ စတားဂေဇီပိုင်မုန့်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ စတားဂေဇီပိုင်မုန့်ကိုတော့ ငါးသေတ္တာငါးနဲ့ မျိုးစိတ်တူတဲ့ pilchards ငါးများ ၊ ကြက်ဥများ နဲ့ အာလူးများကို ရောနှောပြီးပြုလုပ်ရတာ ဖြစ်ပါတယ်။ ” စတားဂေဇီ ” နာမည်ဖြစ်လာစေတဲ့ အကြောင်းကတော့ ငါးခေါင်းတွေကို ပိုင်မုန့်ရဲ့ အပြင်ဘက်မှာ အပေါ်ကို ထိုးထွက်နေတဲ့ပုံစံ ပြင်ဆင်ရတာကြောင့် ဖြစ်ပါတယ်။ တနည်းအားဖြင့် ကြယ်တွေကိုမျှော်ငေးနေတဲ့ပိုင်မုန့်လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၇။ တူနာငါးမျက်လုံးဟင်း ( ဂျပန် )

နောက်ထပ်ထူးဆန်းတဲ့ ဟင်းလျာတမျိုးကတော့ တူနာငါးမျက်လုံးဟင်းပဲ ဖြစ်ပါတယ်။ ဒီတူနာငါးမျက်လုံးကို ဂျပန်နိုင်ငံရဲ့စျေးများမှာ စျေးနှုန်းသက်သာစွာနဲ့ ရရှိနိုင်ပါတယ်။ ဒါ့အပြင် တူနာငါးမျက်လုံးဟင်းလျာကိုလည်း ဂျပန်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင်တိုင်းမှာ အလွယ်တကူ မှာယူစားသုံးနိုင်ပါတယ်။ များပြားလှစွာသော တူနာငါးမျက်လုံးဟင်းလျာနည်းလမ်းအမျိုးမျိုးထဲကမှ အလွယ်ကူဆုံးနည်းလမ်းကတော့ တူနာငါးမျက်လုံးကို ပြုတ်ခြင်း သို့မဟုတ် အပူပေးခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။ တူနာငါးမျက်လုံးကိုပြုတ်ပြီး ကြက်သွန်ဖြူ သို့မဟုတ် ငံပြာရည်လောင်းကာ စားသုံးနိုင်ပါတယ်။ တူနာငါးမျက်လုံးရဲ့ အရသာဟာ တူနာငါးရဲ့အရသာနဲ့တူညီတယ်လို့လည်း ဆိုပါတယ်။ shwekhitonlinetv.com

၈။ ဘဲသားပေါက်ဟင်း ( Balut ) ( ဖိလစ်ပိုင် )

ဘဲသားပေါက်ဟင်းကတော့ ဘဲဥမှအကောင်ပေါက်လာတော့မယ့် ၂ ပတ် သို့မဟုတ် ၃ ပတ်အရွယ်ရှိ သန္ဓေသားပေါက်လေးကို အရှင်လတ်လတ်ချက်ပြုတ်စားသောက်တဲ့ဟင်းလျာပဲ ဖြစ်ပါတယ်။ ဥခွံထဲမှာရှိနေတဲ့ ဘဲသားပေါက်လေးကို ပြုတ်ကာ ဆား ၊ ငရုတ်သီး နဲ့ ရှာလကာရည်တို့လောင်းပြီး အခွံအတွင်းမှာပဲစားသောက်ရတာဖြစ်ပါတယ်။ စားသုံးရတဲ့နည်းလမ်းကတော့ အခွံထိပ်ပိုင်းကို အနည်းငယ်ဟကာ အတွင်းမှအရည်များကို စုပ်ယူစားသုံးပြီးနောက်မှာတော့ အတွင်းက သန္ဓေသားလောင်းကို အရိုးအသားပါမကျန် အကုန်စားသုံးနိုင်ပါတယ်။ shwekhitonlinetv.com

၉။ Huitlacoche ( မက်ဆီကို )

Huitlacoche growing on corn kernels in Mexico.

မက်ဆီကိုနိုင်ငံရဲ့ ဒေသအစားအစာတမျိုးဖြစ်ပြီး ပြောင်းဖူးပြာလူး သို့မဟုတ် မက်ဆီကန်မြေအောင်းအစားအစာလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ထိုအစားအစာဟာ ရောဂါဖြစ်နေပြီး မျိုးမအောင်တဲ့ ပြောင်းဖူးကို ပြုလုပ်ထားတဲ့ အစားအစာတမျိုးဆိုလည်း မမှားပါဘူးနော်။ Huitlacoche ကို ပြုလုပ်တဲ့အခါ အပင်တွေမှာဖြစ်တတ်တဲ့ ရောဂါတမျိုးကြောင့် ပြောင်းဖူးစေ့တွေအားလုံးဟာ မီးခိုးရောင်အဖြစ်ပြောင်းလဲပြီး ပျော့ပျဲနေတဲ့ အနေအထားဖြစ်နေတဲ့ ပြောင်းဖူးကို အသုံးပြုရပါတယ်။ ဒီလိုထူးဆန်းတဲ့ဟင်းလျာရဲ့ အရသာကတော့ သစ်သားနဲ့ မြေကြီးရနံ့ အရသာလို့ဆိုပါတယ်။​ shwekhitonlinetv.com

၁၀။ Surströmming ( ဆွီဒင် )

Surströmming ရဲ့ အဓိပ္ပာယ်ကတော့ အချဥ်ဖောက်ထားတဲ့ငါးသေတ္တာလို့ အဓိပ္ပာယ်ရပြီး အနံ့ကလည်း အဆိုပါနာမည်နဲ့လိုက်ဖက်အောင် ချဥ်စူးစူးအနံ့ဖြစ်ပါတယ်။ Surströmming ကို ပြုလုပ်ဖို့အတွက်ဆိုရင် herring ဆိုတဲ့ မြောက်အတ္တလန်တိတ်သမုဒ္ဒရာမှာပဲ ရရှိနိုင်တဲ့ ငါးအမျိုးအစားကို အသုံးပြုရပါတယ်။ ဒီဟင်းလျာကို ပြုလုပ်မယ်ဆိုရင်တော့ herring ငါးအစိမ်းကို ပုတ်သိုးမသွားစေဖို့အတွက် ဆားအလုံအလောက်သိပ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ ငါးအစိမ်းကို ဆားနဲ့သိပ်ကာ အနည်းဆုံး ၆ လလောက်ကြာပြီးတဲ့နောက်မှာတော့ လိုအပ်သလို စားသုံးနိုင်ပါတယ်။ Surströmming ငါးသေတ္တာရဲ့ အနံ့ကတော့ ပြင်းထန်လွန်းတဲ့အတွက် ဒေသခံမဟုတ်တဲ့ တခြားသူတွေအတွက်တော့ စားနိုင်ဖို့မလွယ်ပါဘူးနော်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။