ကမ္ဘာ့နေရာအနှံ့အပြားက မတူညီတဲ့လူမျိုးများရဲ့ ထူးခြားဆန်းပြားတဲ့ နှစ်သစ်ကူးပွဲတော်များ

ကမ္ဘာတလွှားက နိုင်ငံအသီးသီးမှာ မတူညီတဲ့ ရိုးရာဓလေ့များနဲ့ နှစ်သစ်ကူးပွဲတော်များကျင်းပလေ့ရှိကြပါတယ်။ မတူညီတဲ့ ဓလေ့ထုံးတမ်းများကြောင့် နှစ်သစ်ကူးပွဲတော်များ ကျင်းပခြင်းကလည်း ကွဲပြားခြားနားကြပါတယ်။​ ဒီတခေါက်မှာတော့ ရွှေခေတ်ပရိတ်သတ်ကြီးအတွက် ထူးခြားဆန်းပြားတဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်များအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ စကော့တလန်

စကော့တလန်လူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော်ကတော့ ၃ ရက်တာ ကြာမြင့်ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မီးလုံးများကို ကိုင်ဆောင်ထားကြသူများဟာ လမ်းမတွေပေါ်မှာ ထွက်ပေါ်လာကြပြီး မီးတန်းကြီးသဖွယ်တန်းစီးပြီး ပုံဖော်ကြပါတယ်။ ထို့နောက်မှာတော့ တီးမှုတ်သူများနဲ့အတူ ခမ်းနားလှပတဲ့ မိသားစုအခမ်းအနားတခုကို ကျင်းပကြပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ ကျွမ်းကျင်တဲ့ မီးကစားသူများဟာ လမ်းမများထက်ထွက်ပေါ်လာပြီး မီးလုံးများကို သူတို့ရဲ့ခေါင်းအထက်မှာ ဝှေ့ရမ်းကာ လျှောက်လှမ်းလာကြပါတယ် ။ ထို့နောက်မှာတော့ အဆိုပါမီးလုံးတွေကို ပင်လယ်ထဲ ပြစ်ထုတ်လိုက်ပါတော့တယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မကောင်းဆိုးဝါးတွေကို မောင်းနှင်ထုတ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ စကော့တလန်နှစ်သစ်ကူးပွဲတော်ရဲ့ ရိုးရာဓလေ့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဒိန်းမတ်

ဒိန်းမတ်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ရိုးရာကတော့ နှစ်သစ်ကူးရက်မှာ ဖန်များ ကြွေများနဲ့ ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေကို ရိုက်ချိုးခြေမွကြတဲ့ ဓလေ့ပဲဖြစ်ပါတယ်။ ဖန်ခွက်ကွဲများဟာ ကံကောင်းခြင်းများကို ယူဆောင်လာပေးကြတယ်လို့ ဒိန်းမတ်လူမျိုးများက ယူဆကြပါတယ်။ ဒါ့အပြင် အသုံးမပြုရသေးတဲ့ ဖန်ခွက်ကြွေခွက်များကိုလည်း နောက်နှစ် နှစ်သစ်ကူးအတွက် ရည်ရွယ်ပြီး သိမ်းဆည်းတတ်ကြပါတယ်။ ဒါ့ကြောင့် ဒိန်းမတ်နိုင်ငံမှာနေမယ်ဆိုရင်တော့ ကိုယ့်အိမ်ရှေ့တံခါးဝမှာ ဖန်ခွက်အကွဲအစတွေတွေ့မယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူးနော်။ အိမ်ရှေ့လှေကားမှာ ဖန်ခွက်အကွဲတွေများများတွေ့လေ ပိုပြီးနာမည်ကြီးလေလို့ ယူဆကြပါတယ်။ shwekhitonlinetv.com

၃။ စပိန် နဲ့ ကိုလမ်ဘီယာ

စပိန်နဲ့ ကိုလမ်ဘီယာနိုင်ငံများရဲ့ နှစ်သစ်ကူးဓလေ့ကတော့ ညသန်းခေါင်အချိန်မှာ စပျစ်သီး ၁၂ လုံး စားရတာပဲ ဖြစ်ပါတယ်။ ဒါဟာ ရိုးရာယဥ်ကျေးမှုတခုလည်းဖြစ်သလို အယူသည်းလွန်းခြင်းလည်းဖြစ်ပါတယ်။ စပျစ်သီး ၁၂ လုံးဟာ တနှစ်ပတ်လုံးရဲ့ လတစ်လချင်းစီကို ကိုယ်စားပြုတာလို့ ယုံကြည်ကြပါတယ်။ စပျစ်သီး ၁၂ လုံးကို ၁၂ စက္ကန့်အတွင်း စားရမှာဖြစ်ပြီး မစားခဲ့ရင်တော့ ကံဆိုးမှုတွေရောက်ရှိလာမယ်လို့ ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၄။ ဘရာဇီး

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနရိုမြို့ Copacabana ကမ်းခြေမှာ ရေလှိုင်းခုန်ကျော်ခြင်းဓလေ့နဲ့ နှစ်သစ်ကူးနေ့ရက်ကို ကျင်းပကြပါတယ်။ ဒီလိုခုန်ကျော်ခြင်းအားဖြင့် ကံကောင်းခြင်းတွေကို ယူဆောင်လာနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ နှစ်သစ်ကူးမှာ ဒေသခံများဟာ အဖြူရောင်ကို ဝတ်ဆင်ပြီး ပင်လယ်နတ်ဘုရားဖြစ်တဲ့ Iemanja ကို ပန်းတွေဆက်သလေ့ရှိကြပါတယ်။ ပင်လယ်နတ်ဘုရား Iemanja ဟာ မိခင်နဲ့ကလေးတွေကို စောင့်ရှောက်ပြီး ကောင်းချီးများပေးသနားတဲ့ နတ်ဘုရားလို့ အားလုံးက ယုံကြည်ကြပါတယ်။ shwekhitonlinetv.com

၅။ ဂျပန်

ဂျပန်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲတော်ကတော့ ရိုးရာယဥ်ကျေးမှုဓလေ့များနဲ့ ပြည့်နှက်နေတဲ့ ပွဲတော်ပဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက် ညသန်းခေါင်မှာတော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှ ခေါင်းလောင်း ၁၀၈ ချက်တီးပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။ ၁၀၇ ချက်ကို ညသန်းခေါင်မတိုင်ခင် တီးခတ်ပြီး နောက်ဆုံးတစ်ချက်ကိုတော့ သန်းခေါင်ကျော်ပြီးမှ တီးခတ်ပါတယ်။ တရားတော်လာ ယုံကြည်ချက်များအရ လူ့အပြစ် ၁၀၈ ချက်ကို ခေါင်းလောင်း ၁၀၈ ချက်တီးပြီးဖြေဖျောက်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ ခေါင်းလောင်းတီးခတ်ခြင်းဟာ သူတို့ရဲ့ တနှစ်တာကျူးလွန်ခဲ့တဲ့ အပြစ်များကို ချေဖျက်ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် Toshikoshi Soba ဆိုတဲ့ ဟင်းလျာတမျိုးကိုလည်း နှစ်သစ်ကူးကာလများမှာ စားသောက်ကြပါတယ်။ shwekhitonlinetv.com

၆။ တရုတ်

တရုတ်ရိုးရာနှစ်သစ်ကူးဓလေ့ကတော့ အိမ်တံခါးတွေ ပြတင်းပေါက်တွေကို ဆေးအနီရောင်သုတ်ခြင်းပဲ ဖြစ်ပါတယ်။​ ဒါ့အပြင် နှစ်သစ်ကို ကြိုဆိုတဲ့ စာတန်းများကိုလည်း အိမ်ရဲ့ တံခါးများမှာ ချိတ်ဆွဲထားကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် နှစ်သစ်မှာ ကံကောင်းခြင်းတွေ ယူဆောင်နိုင်ကြမယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်လူမျိုးများရဲ့ အယူအဆအရ အနီရောင်ဟာ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်တဲ့အရောင်အဖြစ် ယုံကြည်ကြပြီး မင်္ဂလာဆောင်နေ့များမှာလည်း အနီရောင်ကို ဝတ်ဆင်ကြပါတယ်။ shwekhitonlinetv.com

၇။ တောင်အာဖရိက

တောင်အာဖရိကနိုင်ငံမှာတော့ နှစ်သစ်ကူးပွဲတော်ရက်မှာ သူတို့ရဲ့ နေအိမ်များမှာရှိတဲ့ အိုဟောင်းနေတဲ့ ပရိဘောဂအသုံးအဆောင်တွေကို လမ်းမထက် လွှင့်ပြစ်ကြတဲ့နည်းနဲ့ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ အထူးသဖြင့် Hillbrow မြို့နဲ့ Johannesburg မြို့ကြီးများမှာ ကျင်းပပြုလုပ်ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ကိုယ့်မှာရှိတဲ့ ပြဿနာများ အခက်အခဲများကို ရှင်းထုတ်လိုက်နိုင်ပြီး အသစ်တဖန်ပြန်လည်စတင်နိုင်စေမယ်လို့ ယူဆကြပါတယ်။ တောင်အာဖရိကရဲ့ နှစ်သစ်ကူးရက်များမှာတော့ ရဲများဟာ လိုက်လံစောင့်ကြည့်ရပြီး ဒီလိုကာလမှာ ခိုက်ရန်ဖြစ်ပွားမှုများ မပေါ်ပေါက်စေဖို့ စောင့်ကြပ်ကြရပါတယ်။ shwekhitonlinetv.com

၈။ ချီလီ

ချီလီနိုင်ငံရဲ့ နှစ်သစ်ကူးရိုးရာဓလေ့ကတော့ မက်စီကိုလူမျိုးတွေရဲ့ ပွဲတော်နဲ့ ခပ်ဆင်ဆင်တူညီပါတယ်။ မက်ဆီကိုလူမျိုးတွေဟာ တမလွန်ကိုရောက်ရှိသွားတဲ့ ဆွေမျိုးမိတ်ဆွေများအတွက် အောက်မေ့သတိရဖွယ်အခမ်းအနားကို အုတ်ဂူများကြားမှာ ကျင်းပပြုလုပ်တတ်ကြပါတယ်။ ထို့အတူ ချီလီလူမျိုးများရဲ့ နှစ်သစ်ကူးဓလေ့ထုံးတမ်းကတော့ ကွယ်လွန်သူများကို သတိရအောက်မေ့သောအားဖြင့် အုတ်ဂူများကြားမှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် တမလွန်ကို ရောက်ရှိသွားတဲ့ ဆွေမျိုးမိတ်ဆွေများကို ငြိမ်းချမ်းစေသလို ကျန်ရစ်သူမိသားစုအနေနဲ့လည်း နှစ်သစ်မှာ ချမ်းသာကြွယ်ဝမှုတွေ ယူဆောင်နိုင်စေမယ်လို့ ယုံကြည်ကြပါတယ်။​ နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်တဲ့နည်းကတော့ အုတ်ဂူများကြားမှာ စားသောက်ကြပြီး ဆွေမျိုးမိတ်ဆွေများရဲ့ ဂူများပေါ်မှာ မီးတိုင်ငယ်များကို ထွန်းညှိပြီး နှစ်သစ်ကို အတူတကွ ကြိုဆိုကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ရိုမေးနီးယား

ရိုမေးနီးယားနိုင်ငံရဲ့ နှစ်သစ်ကူးရိုးရာဓလေ့ကတော့ လမ်းမများပေါ်မှာ ဝက်ဝံပုံစံ သားမွှေးအင်္ကျီကို ဝတ်ဆင်ကာ ကခုန်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဝတ်ဆင်ပြီး ကခုန်ခြင်းဟာ နတ်ဆိုးများနဲ့ ကံဆိုးမှုများကို တွန်းလှန်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ရိုမေးနီးယားမှာတော့ ဝက်ဝံများဟာ ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်များဖြစ်ကြပါတယ်။ နှစ်သစ်ကူးမှာ ဝတ်ဆင်ရတဲ့ ဝက်ဝံအင်္ကျီဟာ ကီလိုဂရမ် ၅၀ အထိအလေးချိန် ရှိပါတယ်။ shwekhitonlinetv.com

၁၀။ အီကွေဒေါ

ခရီးသွားရခြင်းကို နှစ်သက်ကြတဲ့ အီကွေဒေါလူမျိုးများရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့ ဓလေ့ရိုးရာကတော့ အဝတ်အိတ်အလွတ်ကို သယ်ဆောင်ပြီး လမ်းမထက်မှာ ပြေးလွှားကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ခရီးသွားတဲ့အခါ ကံကောင်းမှုတွေ ယူဆောင်နိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် အဝတ်အိတ်အလွတ်ကို ကိုင်ဆောင်ကာ အိမ်တံခါးမကနေပြီး အဝင် အထွက် ၁၂ ကြိမ်ပြုလုပ်ခြင်းအားဖြင့်လည်း နှစ်သစ်ကို ကြိုဆိုနိုင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။