ဖော်ထုတ်ဖို့ခက်ခဲတဲ့ ကမ္ဘာကျော် ဝှက်စာများ

စုံထောက်ဝတ္ထုတွေကိုဖတ်ရှုလေ့ရှိတဲ့သူတွေအတွက်ကတော့ ဝှက်စာ ဆိုတဲ့ အခေါ်အဝေါ်ဟာ အဆန်းတကြယ်ဖြစ်နေမယ်လို့မထင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး ဖြစ်စေ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ဖြစ်စေ ဆက်သွယ်ကြရာမှာ အရေးကြီးတဲ့အချက်အလက် အကြောင်းအရာတွေကို မပေါက်ကြားစေဖို့ ဝှက်စာတွေကို အသုံးပြုခဲ့တာက ဟိုးယခင်နှစ်ပေါင်းများစွာကတည်းကပဲဖြစ်ပါတယ်။ ဒီလို ဝှက်စာတွေကို အသုံးပြုခဲ့ရာမှာ နည်းလမ်းအမျိုးမျိုးရှိခဲ့ပြီး အချို့ဝှက်စာတွေကတော့ ဖော်ထုတ်ဖို့ လွယ်ကူပေမယ့် အချို့သော ဝှက်စာတွေကတော့ ယနေ့ချိန်ထိဖော်ထုတ်လို့ မရနိုင်အောင် လျှို့ဝှက်နက်နဲလှပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ သမိုင်းအဆက်ဆက်ထင်ရှားခဲ့တဲ့ နာမည်ကျော် ဝှက်စာ (၁၀) ခုအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ The Caesar shift

ဒီဝှက်စာကိုတော့ ရောမစစ်ဘုရင်ဂျူးလီးယက်ဆီဇာကတီထွင်ခဲ့တာဖြစ်လို့ ဝှက်စာရဲ့နာမည်ကိုလည်ဒ သူ့ရဲ့နာမည်ကိုအဆွဲပြုပြီးပေးထားတာဖြစ်ပါတယ်။ ဂျူးလီးယက်ဆီဇာက သူ့စစ်တပ်ကစာတွေကို အခြားသူတွေမသိရှိအောင်ဝှက်စာနဲ့ရေးဖို့ ဒီနည်းလမ်းကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ The Caesar Shift က သိပ်ကို ရိုးရှင်းပါတယ်။ ဒီဝှက်စာကုဒ်ရဲ့ ဆိုလိုရင်းကိုသိချင်ရင်တော့ ပါဝင်တဲ့ ဗျည်းသရအက္ခရာတွေကို စာလုံးတစ်လုံးကျော်၍ဖြစ်စေ နှစ်လုံးကျော်၍ဖြစ်စေ စာလုံးတစ်ခုစီတိုင်းကို အက္ခရာအရေအတွက်အတိအကျ ညာဘက်(သို့)ဘယ်ဘက်ကို ပြောင်းပြီး အစားထိုးပေးရမှာဖြစ်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင်တော့ ပုံမှာ ပြထားတဲ့အတိုင်း ဝှက်စာမှာ (B) လို့အသုံးပြု ထားတဲ့စာလုံးက တကယ်တမ်းဆိုလိုချင်တာက (D) စသဖြင့်ပေါ့ ဒီနေ့မှာတော့ ဒီကုဒ်ကို အလွယ်တကူ ဖြည်နိုင်နေကြပါပြီ။ ဒါပေမဲ့ ရှေးကဝှက်စာ ကုဒ်ဖြည်သူတွေအနေနဲ့ ဒီကုဒ်ကိုဖြည်နိုင်ဖို့ နှစ်ပေါင်း (၈၀၀) လောက်အချိန်ပေးခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၂။ Alberti’s disk

၁၄၆၇ ခုနှစ်မှာ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့ Leon Battista Alberti က အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့ ကိရိယာတစ်ခုကို ဖော်ပြခဲ့ပါတယ်။ ကိရိယာက ဗဟိုတူ စက်ဝိုင်းလေးနှစ်ခုနဲ့ ပြုလုပ်ထားတဲ့ ဓာတ်ပြားလေးတစ်ချပ်ဖြစ်ပြီး အပြင်ဘက်အဝိုင်းမှာ စံပြအက္ခရာကို ထွင်းထားပြီး အတွင်းစက်ဝိုင်းမှာတော့ တူညီတဲ့အက္ခရာတွေကို အစီအစဉ်တကျမရှိဘဲ ထွင်းထားပါတယ်။ အတွင်းက စက်ဝိုင်းလေးကို လှည့်ပြီး ဓာတ်ပြားတစ်ဝိုက်က အက္ခရာတွေနဲ့ တွဲခြင်းအားဖြင့် ဝှက်စာကို တစ်ကြိမ်မှာ တစ်လုံးသာဖော်ထုတ်နိုင်ပါသတဲ့။ ဒါကတော့ သိပ်ကိုနက်နဲတဲ့ နည်းလမ်းပါပဲ။ shwekhitonlinetv.com

၃။ The Vigenère square

ဒါကတော့ ၁၆ ရာစုနှစ်က ဝှက်စာဖြစ်ပြီး စာတစ်ခုထဲမှာပဲ ကွဲပြားတဲ့ Caesar Shifts ဝှက်စာအမျိုးမျိုးကို ထုတ်လုပ်ဖို့ ထင်ရှားတဲ့ သော့ချက်စာလုံးတစ်လုံးကို အသုံးပြုပါတယ်။ အသုံးပြုဖို့ လွယ်ကူပေမဲ့ လျှို့ဝှက်ချက်ကိုမသိရင်တော့ ကုဒ်ဖြည်ဖို့တစ်ခါတစ်ရံ နှစ်ပေါင်း (၃၀၀) လောက်ကြာမြင့်တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီဝှက်စာကို နာမည်ပြောင်အဖြစ် “le chiffre indéchiffrable” လို့ ပေးခဲ့ကြပြီး အဓိပ္ပာယ်အားဖြင့်တော့ “အဓိပ္ပာယ်မဖော်နိုင်တဲ့ ဝှက်စာ” ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Shugborough ကျောက်စာ

Staffordshire က Shugborough ခန်းမထဲမှာရှိတဲ့ Shepherds ကျောက်တိုင်ပေါ်မှာ အမည်မသိ လက်မှုပညာသည်တစ်ဦးက ပဟေဠိဆန်တဲ့ အက္ခရာ (၈) လုံးကို ထွင်းထားခဲ့ပါတယ်။ စာလုံးတွေကတော့ “OUOSVAVV” ဖြစ်ပြီး အခြားအက္ခရာနှစ်ခုဖြစ်တဲ့ D နဲ့ M ကြားမှာ ထွင်းထားခဲ့တာပဲဖြစ်ပါတယ်။ ချားလ်ဒါဝင်နဲ့ ချားလ်ဒစ်ကင်တို့ အပါအဝင် ဝှက်စာဖော်သူထောင်ပေါင်းများစွာက ကြိုးစားခဲ့ကြပေမဲ့ ကျောက်စာနောက်ကွယ်က အဓိပ္ပာယ်ကို မဖော်နိုင်ခဲ့ပါဘူး။ မကြာသေးခင်ကတော့ ဒီဝှက်စာဟာ “သခင်ယေရှုရဲ့ နောက်ဆုံးညဉ့်နက်စာစားပွဲမှာ အသုံးပြုခဲ့တဲ့ ပန်းကန်” တည်ရှိရာ လျှို့ဝှက်နေရာကို ဖော်ပြထားတာဖြစ်တယ်လို့ တချို့က ပြောခဲ့ကြပါတယ်။ shwekhitonlinetv.com

၅။ Voynich လက်‌ရေးစာမူ

သာမန်ထက်ထူးခြားတဲ့ ၁၅ ရာစုနှစ်က ဒီစာမူမှာတော့ ဆန်းပြားလှတဲ့ ရုပ်ပုံတွေနဲ့ ဘယ်သူမှ မဖော်ထုတ်နိုင်သေးတဲ့ ဝှက်စာတစ်ခုဖြစ်ပါတယ်။ ဒီဝှက်စာမှာတော့ မြင်တွေ့နေကျမဟုတ်ဘဲ တစ်မူထူးခြားတဲ့ အက္ခရာတွေကို ရေးသားထားပါတယ်။ ဒီစာမူမှာ တန်ဖိုးကြီးတဲ့ လျှို့ဝှက်ချက်တွေပါဝင်နေတာလား၊ ဒါမှမဟုတ် သူရူးတစ်ယောက် ကယောင်ကတမ်းရေးထားတဲ့ စာတွေလား၊ ဒါမှမဟုတ်ရင် ရာစုနှစ်တစ်ခုတိုင်ကြာမြင့်နေတဲ့ လှိမ့်လုံးတစ်ခုလားဆိုတာတော့ ဒီနေ့အထိ ဘယ်သူမှ ရေရေရာရာမသိပါဘူး။ shwekhitonlinetv.com

၆။ Hieroglyphs အရုပ်စာများ

ဘာသာစကားတစ်ခုကို အဓိပ္ပါယ်တိတိကျကျသိရှိပြီး ဖတ်ရှုနိုင်တဲ့သူ တစ်ယောက်မှမရှိတော့တဲ့အခါ အဲဒီဘာသာစကားက အလိုလိုနေရင်း လျှို့ဝှက်စာတစ်ခုဖြစ်သွားတက်ပါတယ်။ ရှေးဟောင်းအီဂျစ် အရုပ်စာတွေကလည်း ဒီလိုပါပဲ။ အင်မတန်လှပတဲ့ ရုပ်ပုံတွေက ဘာသာဗေဒပညာရှင်တွေကို ရာစုနှစ်ပေါင်းများစွာ ခေါင်းရှုပ်စေခဲ့တာကတော့ နပိုလီယံရဲ့ တပ်သားတွေ ရိုဇက်တာ ကျောက်စာကို ရှာမတွေ့ခင်အချိန်ထိပါပဲ။ ပညာရှင်တွေက ရိုဇက်တာကျောက်စာကို အသုံးပြုပြီး သိပြီးသား ဂရိစကားလုံးတွေနဲ့ အရုပ်စာတွေကို တိုက်စစ်ခဲ့ရာက သမိုင်းမှာ အကြီးကျယ်ဆုံး လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို နားလည်သဘောပေါက်ဖို့ သော့ချက်ကို ရှာတွေ့ခဲ့ပါတယ်။ shwekhitonlinetv.com

၇။ Enigma စက်

ကမ္ဘာ့သမိုင်းမှာနာမည်ကျော်ခဲ့တဲ့ နာဇီတွေရဲ့ဝှက်စာရေးကိရိယာကတော့ လက်နှိပ်စက်တစ်လုံးနဲ့တူပါတယ်။ ဒါပေမဲ့ စက်ထဲမှာ ဖုံးကွယ်ထားတာကတော့ ဒလတ်တွေ ဂီယာတွေနဲ့ တီထွင်ထားတဲ့ အရှုပ်ထွေးဆုံး ဝှက်စာရေးနည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဗြိတိသျှ ဉာဏ်ကြီးရှင် အလန်ကျုးရင်း (Alan Turing) နဲ့ သူ့အဖွဲ့သားတွေ အပါအဝင် မဟာမိတ်ဝှက်စာဖော်သူတွေက Bletchley Park မှာ နှစ်များစွာကြာအောင် နေ့ရောညပါ ကြိုးစားခဲ့ပြီး ဂျာမန်စစ်တပ်က စာတွေကို ဖော်ဖို့ Bombes ဆိုတဲ့ စက်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ သူတို့ရဲ့ ဇွဲလုံ့လကြောင့် စစ်ပွဲကြာချိန်ဟာ (၂) နှစ်လောက် လျော့ကျခဲ့ပြီး သန်းနဲ့ချီတဲ့အသက်တွေကို ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၈။ Kryptos

၁၉၉၀ ခုနှစ်မှာတော့ အမေရိကန် စီအိုင်အေဟာ သူ့ဌာနမှာရှိတဲ့ ဆန်းစစ်သူတွေကို စမ်းသပ်ဖို့ Langley ဌာနချုပ်က မြေပြင်ပေါ်မှာ အပိုင်းလေးပိုင်းပါတဲ့ ရှုပ်ထွေးတဲ့ဝှက်စာပါ ရုပ်ထုတစ်ခုကို ပြုလုပ်ထားရှိခဲ့ပါတယ်။ အခုချိန်ထိ အပိုင်း (၃) ပိုင်းကိုပဲ ဖြေရှင်းနိုင်သေးတယ်လို့လည်းသိရပါတယ်။ shwekhitonlinetv.com

၉။ RSA Encryption

သမိုင်းမှာတော့ ဝှက်စာအများစုကိုဖော်ထုတ်ဖို့ဆိုရင် တူညီတဲ့သော့ချက်ရရှိဖို့ စာဝှက်တဲ့သူနဲ့ စာဖော်တဲ့သူနှစ်ယောက်လုံးကို လိုအပ်ပါတယ်။ ဒါပေမဲ့ (၁၉၇၀) ခုနှစ်နောက်ပိုင်းမှာတော့ မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာရှိတဲ့ သုတေသနပညာရှင်တွေက သော့ချက်ကို ကြိုတင်မပေးဘဲ ဝှက်စာတွေကို လုံလုံခြုံခြုံဖော်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့ခဲ့ကြပါတယ်။ Public-key ဝှက်စာရေးနည်းလို့ အမည်ရတဲ့ ဒီနည်းလမ်းကတော့ ယနေ့အသုံးပြုနေတဲ့ အီလက်ထရောနစ်ဆက်သွယ်ရေးအများစုကို ကာကွယ်ပေးပါတယ်။ ဒါကို ဖော်ထုတ်လို့ရ၊ မရဆိုတာ ဘယ်သူမှမသိပါဘူး။ ဒါပေမဲ့ စာဖတ်သူသာ ဖော်ထုတ်နိုင်တဲ့နည်းလမ်းကို သိသွားမယ်ဆိုရင်တော့ အင်တာနက်ပေါ်က အရာအားလုံးနီးပါးကို သိရှိပိုင်ဆိုင်နိုင်မှာ အမှန်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ The Pioneer plaques သတ္တုပြား

နောက်ဆုံးဝှက်စာကတော့ အခြားသူတွေကို ပို့တဲ့ကုဒ်ဖြစ်ပါတယ်။ ဒီနေရာမှာ “အခြားသူ”ဆိုတာ အခြားသက်ရှိတွေကို ပြောတာပါ။ အာကာသယာဉ်တွေဖြစ်ကြတဲ့ ပိုင်အိုနီးယား (၁၀) နဲ့ (၁၁) မှာ ချိတ်တွဲထားတဲ့ ရွှေနဲ့အလူမီနီယံရောစပ်ထားတဲ့ သတ္တုပြားလေးတွေမှာ ကျွန်တော်တို့လူသားမျိုးနွယ်၊ နေအဖွဲ့အစည်းနဲ့ စကြာဝဠာထဲက ကျွန်တော်တို့တည်နေရာကို ဖော်ပြထားတဲ့အချက်အလက်တွေ ပါဝင်နေပါတယ်။ ဝှက်စာကိုတော့ ဟိုက်ဒရိုဂျင်ရဲ့ အစွမ်းသတ္တိတွေထဲက တစ်မျိုးကို အသုံးပြုပြီးရေးထားခြင်းဖြစ်ပြီး အဲ့ဒီအစွမ်းသတ္တိနဲ့သာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ကျယ်ပြောလှတဲ့ အာကာသထဲမှာ ခရီးသွားရင်းနဲ့ အခြားဂြိုဟ်သားမျိုးနွယ်တွေက ဒီအာကာသယာဉ်တွေကို တွေ့နိုင်ခြေမရှိသလောက်နည်းပါးပါတယ်။ ဒါပေမဲ့ မတော်တဆတွေ့ခဲ့ရှိပြီး ကျွန်တော်တို့ရဲ့ ဝှက်စာကိုလည်းဖော်နိုင်မယ်ဆိုရင်တော့ ……… shwekhitonlinetv.com

အခုတင်ဆက်ခဲ့တဲ့ အကြောင်းအရာလေးကို အစကနေ အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးတင်ရှိပါတယ်နော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။