ထူးခြားဆန်းပြားပြီး အပြင်မှာတစ်ကယ်ရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်များ

သယ်ယူပို့ဆောင်ရေးကဏ္ဍဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းအတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူးသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာ အမြင်ဆန်းလှတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အကောင်းဆုံးဆွဲဆောင်ထားနိုင်တဲ့ ပို့ဆောင်ရေးစနစ်တွေအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ Norry (Cambodia’s bamboo train) (နော်ရီ)

ကမ္ဘောဒီယားနိုင်ငံရဲ့ အချို့ဒေသက မီးရထားလမ်းတွေဟာသံလမ်းတွေမဟုတ်ဘဲ ဝါးတွေနဲ့ပြုလုပ်ထားတယ်လို့သိရပါတယ်။ ကမ္ဘောဒီးယားလို နော်ရီလို့ခေါ်တဲ့ပို့ဆောင်ရေးယာဉ်မှာတော့ ဝါးရထားလမ်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဘီးတွေပါရှိပါတယ်။ ပြီးတော့ မော်တော်ဆိုင်ကယ် (ဒါမှမဟုတ်) လယ်ထွန်စက် ကအင်ဂျင်ကိုယာဉ်ရဲ့ဝင်ရိုးနဲ့ ချိတ်ဆက်ပြီးမောင်းနှင်ကြပါတယ်။ ဒီလိုခေတ်နောက်ပြန်ဆွဲတဲ့ပုံစံ မျိုး သယ်ယူပို့ဆောင်ရေးစနစ်ကတော့ ကမ္ဘောဒီးယားနိုင်ငံ ရဲ့ ဘတ်တန်ဘမ်း (Battambang) မြို့ကလေးမှာ ယနေ့ချိန်ထိ တွင်ကျယ်စွာအသုံးဝင်နေဆဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သာမန်မီးရထားတွေဟာ အဲ့ဒီဒေသက လက်နက်ကိုင် သူပုန်တွေရဲ့ မကြာခဏတိုက်ခိုက်ခြင်းကို ခံနေရတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Camelit Railway (စက်လှေကားပုံစံကြိုးဆွဲရထား)

ဒါကတော့ အစ္စရေးလ်နိုင်ငံ ဟိုင်ဖာမြို့ရဲ့နာမည်ကျော် ပို့ဆောင်ရေးစနစ်တစ်ခုပဲဖြစ်ပါတယ်။ စက်လှေကားပုံစံနဲ့ကြိုးဆွဲရထား ပို့ဆောင်ရေးစနစ်လို့ အလွယ်သတ်မှတ်နိုင်ပြီး အမြင့်ပေ (၉၀၀) ကျော်ရှိတဲ့ ကာမယ် ဆိုတဲ့တောင်ကို ပြေးဆွဲပေးတာဖြစ်ပါတယ်။ အခြားကြိုးဆွဲရထားတွေနဲ့ မတူပဲ ထူးခြားတာကတော့ ဒီကြိုးဆွဲစက်ရထားဟာ တောင်ကိုကပ်မြောင်ပြီး ပြေးဆွဲတာပဲဖြစ်ပါတယ်။ ပြေးဆွဲတဲ့ ခရီးအကွာအဝေးကတော့ တောင်ခြေကနေ တောင်ပေါ်အထိ (၁.၁) မိုင်ရှိပြီး လမ်းမှာ ခေတ္တရပ်နားဖို့ ဘူတာရုံ (၆) ခုရှိတယ်လို့လည်းသိရပါတယ်။ မက်စောက်တဲ့တောင်ကို ပင်ပန်းစွာတက်ရောက်ခြင်းမှ ရှောင်ရှားလိုသူတွေ ရည်ရွယ်ပြေးဆွဲခဲ့တာဖြစ်ပြီး (၁၉၅၀) ခုနှစ်ကတည်းက စတင်ခဲ့တဲ့ သက်တမ်းရင့် ပို့ဆောင်ရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Wuppertal Suspended Railway (တွဲလောင်းကျနေတဲ့မီးရထား)

ဒီလိုမျိုး ရထားတွဲကိုကောင်းကင်ကနေ တွဲလောင်းကျနေတဲ့ပုံစံနဲ့ပြေးဆွဲဖို့ စတင်အကောင်အထည်ဖော်ခဲ့တာ (၁၉၀၁) ခုနှစ်ကဖြစ်တာကြောင့် အဲ့ဒီခေတ်အဲ့ဒီအခါနဲ့ ယှဉ်ရင်အတော်လေးကို ခေတ်ရှေ့ပြေးတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဂျာမန်တွေဟာ ဒီလိုအသွင်ဆန်းတဲ့ ပုံစံနဲ့ပို့ဆောင်ရေးစနစ်ကို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့အဓိကရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုပေမယ့် ပြည်တွင်းကပုံမှန်ခရီးသွားသူတွေ နဲ့ အလုပ်သမားတွေသာအများဆုံး စီးနင်းခဲ့ကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ ခရီးစဉ် အစကနေ အဆုံးထိ (၈.၃) မိုင်လောက်ကို ယနေ့ချိန်ထိ နှစ်ပေါင်းတစ်ရာကျော်တိုင် ပြေးဆွဲပေးနေတဲ့ ဒီတွဲလောင်းရထားဟာလည်း ဂျာမဏီနိုင်ငံရဲ့ အထင်ကရ ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Monte toboggan, Madeira (ကြိမ်ခြင်းများဖြင့်လျောစီးခြင်း)

မက်ဒဲရားကျွန်းစုဆိုတာကတော့ ပေါ်တူဂီနိုင်ငံပိုင်ကျွန်းစုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်လ်ဒို ရဲ့မွေးရပ်မြေဖြစ်လို့ နောက်ပိုင်းမှာပိုမိုလူသိများလာခြင်းနဲ့အတူ ခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးလာတဲ့ဒေသတစ်ခုဆိုလည်းမမှားပါဘူး။ ဒီဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဖန်ချယ်မြို့မှာလည်း ထူးခြားတဲ့ပို့ဆောင်ရေးတစ်ခုကရှိနေပြန်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃,၃၀၀) လောက်မြင့်တဲ့တောင်တန်းတွေ ရှိတဲ့ဒီမြို့လေးမှာ မိုးပျံရထားတွေ၊ ကေဘယ်ရထားတွေရှိပေမယ့်လည်း ရင်ခုန်စရာကောင်းတာကတော့ မက်ဆောက်လှတဲ့တောင်တွေရဲ့ ဆင်ခြေလျောတွေကို ကြိမ်ခြင်းစီးပြီး ဆင်းရတာပဲဖြစ်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ နှစ်ယောက်စီး ကြိမ်ခြင်းနဲ့ ဆင်ခြေလျောတွေကို ဆင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ဟာ မက်ဒဲရားကျွန်းမှာသာ ရရှိနိုင်တဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Metrocable Medellin (ကောင်းကင်ရထားများ)

ကိုလံဘီယာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်တဲ့ မက်ဒယ်လင် (Medellin) မြို့ကတော့ သာယာတဲ့ တောင်ပေါ်အပန်းဖြေစခန်းတွေ၊ ပန်းခြံတွေ ရှိသလို စကိတ်စီးဝါသနာပါသူတွေကို လည်းအကောင်းဆုံးစွဲဆောင်နိုင်တဲ့ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒီအရာတွေအပြင် ဒီမြို့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ကောင်ကင်ရထားတွေဟာလည်း ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ရာမှာ အတော်လေးအရေးပါလှတယ်လို့ သိရပါတယ်။ လာရောက်လည်ပတ်ကြသူတွေဟာ ဒီကောင်းကင်ရထား စီးရတဲ့ မိနစ် (၃၀) လောက်အချိန်မှာ ခံစားရတဲ့စိတ်လှုပ်ရှားမှုကို အတော်လေးသဘောကျတယ်လို့လည်း ဆိုလေ့ရှိပါတယ်။ တောင်ကုန်းတောင်တန်းပေါများတဲ့ ဒီမြို့လေးမှာ ဘတ်စ်ကား လိုမျိုး ပို့ဆောင်ရေးစနစ်ရှိပေမယ့် ကျဉ်းမြောင်းလှတဲ့တောင်ကြားနဲ့ တောင်နံရံတွေကို အချိန်တိုအတွင်းကျော်ဖြတ်သွားနိုင်ဖို့ ဒီလိုကောင်းကင်ရထား သယ်ယူပို့ဆောင်ရေးစနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။